Friday, February 13, 2009

ပန်းပုရုပ်လေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:29 PM 3 comments

ပန်းပုရုပ်လေး
----------
ကိုယ့်ရင်ထဲမှာ
မင်းထုဆစ်တဲ့
ပန်းပုရုပ်လေး ရှိနေတယ်

မင်းပေးခဲ့တဲ့ အချစ်တွေ
သူ့ကို အသက်ဝင်စေခဲ့

မင်းပေးခဲ့တဲ့ ကြင်နာခြင်း
ပျော်ရွှင်ခြင်းကို ဖန်ဆင်းခဲ့

မင်းပေးခဲ့တဲ့ အလွမ်းတွေ
သူ လေးနက်တတ်ခဲ့

မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ
မျက်ရည်စိုစေခဲ့

အချိန်တွေကြာလာတဲ့အခါ
မင်းပေးတဲ့ ဒဏ်ရာတွေ
လှပတဲ့ အမာရွတ်လေး ဖြစ်ခဲ့တယ်။

photo source : http://images.suite101.com/520893_com_an00497132_001.jpg

Saturday, February 7, 2009

မိုး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:57 PM 3 comments

မိုး
---

ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
မင်းကို ချစ်ပါတယ်

မင်းကြောင့်သာ
အေးမြခြင်း ဆိုတာ
သိခဲ့ရတာ

သစ်ပင်လေးတွေမှာ
စိမ်းလန်းခြင်း ဆိုတာ
ရှိခဲ့ကြတာ

လန်းဆန်းခြင်း
သန့်စင်ခြင်း
ရှင်သန်ခြင်း..တို့
ဖူးပွင့်ခဲ့တာ

မျှော်သူတွေ မျှော်နေကြတယ်
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
ကျေးဇူးပါ မိုးရယ်။

photo source : http://gallery.photo.net/photo/6432934-lg.jpg


မနေ့က မိုးရွာတယ်
မိုးတောထဲကို တိုးသွားရင်းနဲ့ ရလာတာလေးပေါ့
း)

Monday, January 19, 2009

Postcard

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:57 AM 4 comments


ခပ်ငယ်ငယ် စိတ်ကူးသိပ်ယဉ်တတ်တဲ့ အရွယ်တုန်းက ရေးထားတာလေးပါ
ကိုယ့်ဘာသာလည်း အံ့သြတယ်
ဘာလို့ စာရှည်ရှည် မရေးတတ်လဲ မသိဘူး...း)

photo source : www.pbase.com/ooochromeooo/image/78947492

Tuesday, December 30, 2008

ကြယ်လေး အကြောင်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:37 PM 2 comments




ဟိုးရှေးရှေးတုန်းက ကြယ်လေးတစ်လုံးရှိတယ်တဲ့
သူက သေးလည်းသေး ၊ အရောင်လည်း သိပ်မထွက်တော့ သူရှိမှန်းတောင် သိပ်မသိကြဘူးတဲ့
သူ့ရဲ့ ကြယ်ဖေဖေ ၊ မေမေ တွေကတော့ အားမရဘူးပေါ့ကွယ်
ကြယ်ကိုကို ၊ မမ တွေကတော့ ကြယ်မဲလေးဆိုပြီး နှိမ်တတ်၊ သူတို့အလုပ်တွေ ခိုင်းတတ်တယ်တဲ့ကွယ့်
ဒါပေမယ့် ကြယ်လေးကတော့ ကိုယ်ြ့ကယ်မိသားစု အချင်းချင်းပဲ ဆိုပြီး ခိုင်းသမျှ ပျော်ပျော်ရွှင်ရွှင် လုပ်ပေးသတဲ့

ကြယ်လေးဟာ နေရာအနှံ့လည်း လျှောက်သွားတတ်သေးတယ်တဲ့
မှောင်နေတဲ့ အခန်းထောင့်တွေကို သွားတယ်
အဲဒီမှာ ဝမ်းနည်းပြီး ငိုနေတဲ့ လူတွေ ရှိတတ်တယ် မဟုတ်လား
ငိုနေတဲ့သူ တွေ့ရင် သူ့ အလင်းရောင်သေးသေးလေးနဲ့ နှစ်သိမ့်ခဲ့သတဲ့

လမ်းတွေပေါ်လည်း လျှောက်ရသေးတယ်
အိမ်ပြန်စရာ မရှိတဲ့ ဘိုးဘိုးတွေ ၊ သားသမီးက မကြည့်နိုင်တဲ့ ဘွားဘွားတွေ ဆိုတာ ကြယ်လေးရဲ့ မိတ်ဆွေတွေပေါ့
ကြယ်လေးရဲ့ အလင်းရောင်လေးတွေ ဘိုးဘိုး ၊ ဘွားဘွားတွေ လက်ထဲကို ကြဲချလိုက်တဲ့အခါ ငွေတို၊ ငွေစ လေးတွေဖြစ်သွားသတဲ့ကွယ် ၊ ဒါလေးတွေက နည်းနည်းတော့ အထောက်အကူဖြစ်မှာပါ လို့ ကြယ်လေးက ယုံကြည်သတဲ့

လမ်းဘေးခွေး ဆိုတာကတော့ ကြယ်လေးရဲ့ မောင် ၊ နှမ တွေ လို့တောင်ပြောရမယ်တဲ့
အစာငတ်နေသလား၊ အရိုးပေါ် အရေတင်နေသလား၊ ထမင်းရည်ပူနဲ့ အပက်ခံထားရသလား ၊ ခွေးသားအုပ်မကြီးလား၊ ခွေးအိုကြီးလား၊ နေမကောင်းဘူးလား ..... အို၊ စုံနေအောင် မေးပြီး မုန့်ကျွေးတတ်သတဲ့

အဲဒီလို သူများကို ဂရုစိုက်ပေမယ့် ကြယ်လေးဟာ သူ့ကိုယ်သူတော့ အရောင်ထွက်အောင် မကြိုးစားဘူးတဲ့
ကြယ်ပျင်းလေးပေါ့ကွယ်
သူတို့ ကြယ်လောကမှာလည်း အရောင်ထွက်မှ ကြယ်ရာဝင်တယ် ဆိုပဲကွယ့်
ကြယ်လေးရဲ့ ကိုကို၊ မမ တွေဆို အရောင်တွေ တောက်တောက်လက်လက်နဲ့ ကြယ်ဖေဖေတို့ ဂုဏ်ယူနေရပြီပေါ့
ကြယ်လေးကတော့ အရောင်မှိန်လို့ သူ့ကိုယ်သူ အားငယ်နေရသလို မိသားစုထဲမှာလည်း မျက်နှာမရဘူးတဲ့ကွယ်

တစ်နေ့တော့ ကြယ်လေး ကျူရှင်သွားတဲ့လမ်းမှာ လူတွေလုပ်ထားလို့ ဒဏ်ရာရနေတဲ့ ခိုဖြူလေးတစ်ကောင်ကို တွေ့သတဲ့
ရောဂါကူးမှာ ကြောက်လို့ရော ၊ ကိုယ့်ကိစ္စ ပဲ အာရုံစိုက်နေကြတာရော ကြောင့် ဘယ်သူမှ ခိုလေးကို ဘေးလွတ်ရာ ရွှေ့မပေးကြဘူးတဲ့ကွယ်
ဒါနဲ့ ကြယ်လေးလည်း ကျူရှင်မသွားခင် ခိုလေးကို ဘေးလွတ်ရာရွှေ့ပေး ၊ အနာသက်သာအောင် လုပ်ပေးခဲ့သတဲ့

နောက်နေ့လည်းကျရော နေမင်းကြီးဆီက ကြယ်လေးကို ဆင့်ခေါ်စာ ရောက်လာပါလေရောတဲ့
နေမင်းကြီးဆိုတာ ကြယ်အပေါင်းရဲ့ ဘုရင်ဆိုတော့ ကြောက်ရွံ့ ရိုသေကြရသတဲ့
ကြယ်ဖေဖေ မမ တို့ကတော့ ကြယ်လေး ဘာတွေ လျှောက်လုပ်ထားပြန်ပြီလဲ ဆိုပြီး ဆူကြ ၊ ဆုံးမစကားရှည်ကြီးတွေ ချွေကြတာ ကြယ်နာရီ တစ်နာရီလောက် ကြာတယ် ဆိုပဲကွယ့်
နောက်တော့လည်း “ကဲ ကဲ.. နေမင်းကြီးက ခေါ်တယ်ဆိုတော့ အခစားဝင်ချေမှ” ဆိုပြီး ကြယ်လေးတို့မိသားစု နေမင်းကြီးရဲ့ နန်းတော်ကြီးဆီ သွားကြသတဲ့ကွယ်

ဟိုရောက်တော့ အရောင်အဝါတွေ တလက်လက်နဲ့ နေမင်းကြီးက “မနေ့က ငါ့ရဲ့ အချစ်တော် ခိုလေးကို ကယ်ခဲ့တာ ဘယ်သူလဲ” လို့ မေးသတဲ့
“ကျွန်မပါရှင့်..” လို့ ကြယ်လေးက ကြောက်ကြောက်နဲ့ ပြန်ဖြေတော့ နေမင်းကြီးက “အေး၊ ငါ့ခိုကလေး နေပြန်ကောင်းသွားလို့ လိုရာဆုတောင်းစေ” လို့ မိန့်သတဲ့ကွယ်

ကြယ်လေးလည်း ကိုယ့်မှာ ကြယ်စဉ်မီမီ အရောင်မတောက်တာကို သတိရမိသတဲ့
ဒါပေမဲ့ ကိုယ်အရောင်တောက်တာထက် ဒီလို အကူအညီ လိုနေတဲ့ လူတွေ ၊ တိရစ္ဆာန်တွေ နေရာအနှံ့မှာ ရှိနေတာကို တွေးမိပြီး “အကူအညီ လိုနေတဲ့သူကို ကူညီနိုင်ရပါလို၏” လို့ ဆုတောင်းသတဲ့ကွယ်
နေမင်းကြီးကလည်း “တောင်းတဲ့ဆု ပြည့်စေ”လို့ ပြောပြီး စွမ်းအားတွေ ပေးသနားလိုက်သတဲ့ကွယ့်

ကြယ်တွေ တန်ဖိုးထားတဲ့ ကြယ်ရောင်တောက်ပဖို့ ဆုမတောင်းခဲ့လို့ ကြယ်မမ တွေကတော့ ပွစိပွစိ ပြောကြသတဲ့
ကြယ်ကလေးကတော့ စွမ်းအားတွေ ပိုရပြီ ၊ ပိုပြီး ကူညီပေးနိုင်ပြီ ဆိုပြီး ပျော်နေတယ်တဲ့ကွယ်

တစ်ခါတစ်လေ ဝမ်းနည်းပြီးငိုနေတဲ့ လူတွေအနားမှာ၊ အစာရေစာ ငတ်နေတဲ့ ခွေးလေခွေးလွင့်တွေ နားမှာ ကြယ်လေးရဲ့ အလင်းရောင် မှိန်မှိန်လေးကို တွေ့ရတတ်သတဲ့ကွယ် ။

....................................................................................................

ဒါလေးက ပထမဆုံး ရေးဖူးတဲ့ ပုံပြင်လေးပါ

အိမ်သစ်လေးမှာ အမှတ်တရပေါ့

ဒီနေ့ template ထပ်ပြောင်းဖြစ်တယ် ၊ စိတ်ထဲမှာ အစိမ်းရောင်ကို ဆာသလိုကို ဖြစ်လာတာ၊ ထူးဆန်းတာပဲး) ၊ မေမေကတော့ အစိမ်းရောင် ကြိုက်တယ် ၊ မေမေ့ အကြိုက်ပေါ့ ၊ ကိုယ်ပိုင် template အသစ်လေးလည်း လိုချင်တာနဲ့ ၊ ကျောရိုးကတော့ SkinCorner ပါပဲ ၊ ပုံကတော့ internet ကရှာထားတာပါ ၊ page အောက်ဆုံးမှာ link တွေ ပါ ပါတယ် ၊


...................................................................................................

photo source : www.powind.com/brp/PEDIA-Happy-Star.gif

Saturday, December 13, 2008

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:52 PM 2 comments

ခုတလော စိတ်တွေ ရှုပ်နေတယ်
ဘလော့နဲ့ အဆက်ပြတ်သွားမလားတောင် ထင်မိတယ်
း)

Wednesday, December 3, 2008

ပြုံးပါ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 5:19 PM 3 comments


Tuesday, December 2, 2008

ချိန်းတဲ့စာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:18 AM 5 comments


ကြယ်ကြွေကောက်ဖို့
ည အရောက်လာပါ

ကမ္ဘာစွန်းက
ကျွန်းကလေးမှာ

အိပ်မက်ဖြန့်ခင်း
သီချင်း သီရာ

ချစ်ခြင်းကိုသာ
ယူခဲ့ပါ...။
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review